Exit print mode Print Data A+ A- Undo all

Eat Drink Man Woman (1994)

A comedy to arouse your appetite.
Eat Drink Man Woman (1994)Eat Drink Man Woman (1994)

Synopsis:

Eat Drink Man Woman (1994)

~ IMDb – 7.8/10, Rotten Tomatoes – 88% ~

Directed by “ Ang Lee

” Taiwanese Cinema “

ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။

ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။

ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့  Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။

New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့  A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။

Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။

~~~~~~~~~~~~~~

” Ang Lee “

အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။

ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။

၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။

အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။

Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။

၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။

နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။

~~~~~~~~~~~~~~

” Father Knows Best Trilogy “

အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။

~~~~~~~~~~~~~~

” Eat Drink Man Woman (1994) “

သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။

အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။

အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.1GB, 980MB
Quality – 1080p, 720p
IMDb Rating – 7.8/10
Format – mp4
Duration – 2H 4Min
Genre – Comedy, Drama, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Yin shi nan nu
Director
Ang Lee
Stars
Chen Chao-jung, Chen Yu, Chi-Der Hong, Chin-Cheng Lu, Gin-Ming Hsu, Gua Ah-leh, Huel-Yi Lin, Lester Chan, Shih-Jay Lin, Sihung Lung, Sylvia Chang, Winston Chao, Wu Chien-Lien, Yang Kuei-Mei, Yu-Wen Wang
Release Date
1994
Rated
Unrated
Runtime
2h 4m
Awards
Nominated for 1 Oscar, 7 wins & 16 nominations total
Country
Taiwan, United States
Revenue
USD $7 294 403,00
Popularity
10.026
Status
Released
ID IMDb.com
tt0111797
IMDB Rating
7.8
IMDB votes
22000
ID Themoviedb.org
10451
TMDb Rating
7.492
TMDb votes
263