Lost in Translation (2003)
IMDb – 7.7/10_____Rotten – 95%
Won 1 Oscar. Another 97 wins & 130 nominations
Lost in Translation (2003)
အေမီ၊ ဘာဘီနဲ့ ဒေစီ ဆိုတဲ့ မိန်းကလေး ၃ ယောက်စကားပြောနေတယ်ပဲဆိုပါစို့။ အေမီက ဒေစီကို အရမ်းလှတဲ့အကြောင်းပြောတယ်။ ဒေစီက အဲ့ဒါကို အေမီ သူ့ကိုချစ်လို့ပြောတယ်လို့ အဓိပ္ပါယ်ကောက်တယ်။ ကြားက ဘာဘီကတော့ အရွဲ့တိုက်ပြောတယ်လို့ အဓိပ္ပါယ်ကောက်တယ်။ တကယ်တမ်းတော့ အေမီဟာ ဒေစီ့လိုဖြစ်ချင်တာကြောင့် ပြောတာဖြစ်နေပါတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်းပဲဖြစ်ဖြစ်၊ အမူအရာတစ်ခုကို အကဲခတ်ရင်းပဲဖြစ်ဖြစ် အဓိပ္ပါယ်ကောက်တတ်ကြပါတယ်။ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုတည်းကို အဓိပ္ပါယ်မျိုးစုံကောက်ကြရင်း ကိုယ့်အဓိပ္ပါယ်အတိုင်း ရှေ့ဆက်ကြပါတယ်။
ဒီရုပ်ရှင်ဟာ နာမည်ကျဆင်းနေပြီဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီးတစ်ယောက်နဲ့ ယောကျ်ားလျစ်လျူရှုတာ ခံနေရတယ်လို့ အဓိပ္ပါယ်ကောက်ထားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘော့ဟားရစ်လို့ခေါ်တဲ့ နာမည်ကျော်မင်းသားကြီးဟာ ဂျပန်ဝီစကီကြော်ငြာတစ်ခုရိုက်ကူးဖို့အတွက ်တိုကျိုမြို့ကို ရောက်ရှိလာခဲ့ပြီး ချားလော့တ်ကတော့ သူ့ယောကျ်ား ဂျွန်ရဲ့ အလုပ်ခရီးကို အတူလိုက်လာခဲ့တာပါ။ မိသားစုနဲ့ ဝေးကွာနေပြီး မိန်းမ အမြင်မကြည်ဖြစ်တာခံနေရတဲ့ ဘော့ဟားရစ်နဲ့ ယောကျ်ားဖြစ်သူ မနက်အစောကြီးအလုပ်ထသွား၊ တော်တေ်ာကြာမှပြန်လာတတ်လို့ တစ်ယောက်တည်း အထီးကျန်နေတဲ့ ချားလော့တ်တို့ ဂျပန်နိုင်ငံက ဟိုတယ်ကြီးထဲမှာ စကားလက်ဆုံပြောမိရင်းကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ ပရိသတ်ကြီး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ဟာ သူငယ်ချင်းကြား၊ ချစ်သူကြား၊ မိသားစုကြား၊ လင်မယားကြားမှာ အဖုအထစ်လေးတွေ ကတောက်ကဆလေးတွေရှိတဲ့သူတိုင်း ကြည့်ကို ကြည့်သင့်တဲ့ကားတစ်ကားပါ။ ဒီလိုပြဿနာတွေဟာ တစ်ဖက်မဟုတ်တစ်ဖက်က အဓိပ္ပါယ်ကောက်တာလွဲနေလို့ ဖြစ်နေကြတယ်ဆိုတာ သိလာပါလိမ့်မယ်။ ဖြေရှင်းနည်းတွေ မြင်လာပါလိမ့်မယ်။ ပြီးတော့ ဒီကားရဲ့အကောင်းဆုံးအချက်ကတော့ ဇာတ်သိမ်းကို ရုပ်ရှင်ကြည့်တဲ့သူကိုယ်တိုင် စိတ်တိုင်းကျ ဇာတ်သိမ်းလို့ရတာပါပဲ။ နောက်ဆုံးမှာ ဘာဖြစ်မယ်လို့တောင် Spoiler လုပ်မရတဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၃ ခုနှစ် Oscar မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သလို အသက် ၅၀ ဝန်းကျင်အရွယ်မှာဖြစ်တတ်တဲ့ ပူပင်သောကတွေကို အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့ Bill Murray နဲ့ အဲ့အချိန်တုန်းက ၁၉ နှစ်အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ကောင်းလွန်းပြီး ယောကျ်ားအပြင်သွားခါနီးကျ မှိုင်တွေနေတဲ့မျက်နှာထားတွေသရုပ်ဆောင်တာ အသက်ပါလွန်းတဲ့ Scarlett Johansson တို့ဟာလဲ ဆုတွေ အများကြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရုပ်ရှင်ကားကောင်းတစ်ကား လိုအပ်နေသူတွေ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲက ကိုယ်သတိမထားမိတဲ့အကြောင်းအရာလေးတစ်ခုကို ထိတွေ့ချင်သူတွေအတွက်တော့ Lost in Translation ကို ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဇာတ်ကားကြည့်ပြီးရင် Channel Myanmar group ထဲမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဇာတ်သိမ်းကိုလဲ ပြောဆိုဆွေးနွေးနိုင်ပါတယ်။