Channel Myanmar

Report error

Perfect Days (2023)

~ IMDb – 7.9/10, RT – 93%, Meta – 73% ~

ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက “PERFECT DAYS” ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ နောက်တစ်ကားက Hirokazu Kore-eda ရဲ့ Monster ပေါ့။ Monster ကို အာရှရုပ်ရှင်ပရိသတ်တော်တော်များများကြည့်ပြီးကြသလို တော်တော်လည်းကြိုက်ကြတယ်။ Perfect Days ရဲ့ဇာတ်နဲ့ ပြသခြင်းဟာ အရမ်းရိုးရှင်းလွန်းတော့ Monster ကိုပဲ ဘာလို့ Entry မရွေးလိုက်လဲ ဝိုင်းပြောခဲ့ကြသေးတယ်။ Perfect Days ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် ဒီသံသယက ရှင်းသွားတယ်။ Perfect Days ဟာ ရိုးရှင်းလွန်းတာမှန်ပေမဲ့ တစ်ခါတ‌လေကျ ဒီလိုအပိုမပါဘဲ ရိုးရှင်းတာကို ရိုးရှင်းတဲ့အတိုင်းရိုက်ပြနိုင်တာကိုက ပိုအနုပညာမြောက်သလို သတ္တိပိုလိုတယ်လို့ မြင်တာပဲ။ ဒီလိုပြနိုင်လို့ပဲ ပါဖက်ဒေးဟာ ပါဖက်ဖြစ်တဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်ကြည့်ခဲ့သမျှထဲ ဂျပန်အနေနဲ့ရော အင်တာအနေနဲ့ရော အကြိုက်ဆုံးရုပ်ရှင်လို့ပြောရမယ်။ လက်ရှိမှာ အော်စကာ Shortlist ၁၅ကားထဲတော့ ဝင်ထားတယ်။ ကျန်တဲ့အပြိုင်ကားတွေကလည်း ကြမ်းသလို ဇာတ်တွေလည်း ဆန်းပြားကြတော့ ပါဖက်ဒေးဟာ ဆန်ခါတင်အနေနဲ့တောင် ဝင်ချင်မှတောင်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ရုပ်ရှင်တွေနဲ့ပတ်သက်လာရင် အတတ်ပညာကိုပါ ထည့်သွင်းစဉ်းစားမယ့် ဆုပေးပွဲတွေဟာ ဘယ်တုန်းကမှ လူ‌တွေရဲ့ ခံစားချက်တွေနဲ့ မညီဖူးဘူးကိုး။ ဒါပေမဲ့ ပါဖက်ဒေးက ခင်ဗျားကို ခင်ဗျားလိုချင်တဲ့ အရသာကိုတော့ ကျိန်းသေပေးနိုင်လိမ့်မယ်။

Perfect Days ရဲ့ အစက Win Wenders ကို တိုကျိုအိမ်သာပရောဂျက်ကို လေ့လာဖို့ဖိတ်ကြားလိုက်ရာက စတယ်။ တိုကျိုအိမ်သာပရောဂျက်က ကမ္ဘာတစ်ဝန်း Creator ၁၆ယောက်ကို ဖိတ်ခေါ်ပြီး တိုကျိုက နေရာ၁၇နေရာမှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သာတွေဆောက်ခဲ့တဲ့ ပရောဂျက်ပေါ့။ တကယ်လည်း အိမ်သာတွေက လန်းတယ်။ ဒီရုပ်ရှင်မှာ အဲဒီအိမ်သာတွေကို မြင်ရလိမ့်မယ်။ ပရိုဂျူဆာက စစချင်း Wenders အနေနဲ့ ရှော့ဖလင်လေးတွေလောက်ရိုက်လောက်မယ်ပဲထင်ခဲ့ပေမဲ့ Wenders က Feature Film အနေနဲ့ပဲ ပြောင်မြောက်စွာ အသက်သွင်းခဲ့တယ်။

ဇာတ်ကြောင်းကတော့ ဆိုခဲ့သလို ရိုးရိုးလေးပဲ။ အဲဒီတိုကျိုအိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ဟိယာရာမဆိုတဲ့ အိမ်သာသန့်ရှင်းရေးသမားတစ်ယောက်ရဲ့ နေ့တွေအကြောင်းပဲ။ မနက်ဆို ဟိယာရာမက သူနေတဲ့အဆောင်ခန်းလို အခန်းလေးကနေထတယ်။ မျက်နှာသစ် အအေးတစ်ဘူးသောက် သူ့ကားပေါ်တက် အိမ်သာသွားဆေးတယ်။ ဆေးပြီးရင် ရေချိုးခန်းသွားရေချိုး။ ညနေကျ သူစားနေကျ မြေအောက်ဘူတာက ဆိုင်လေးမှာသွားစား။ ညဘက်ဆို စာအုပ်တစ်အုပ်ဖတ် အိပ်ရာဝင်တယ်။ သူ့တစ်နေ့တာက ဒါတွေပဲဖြစ်နေတာ။ တချို့နေ့တွေကျရင်တော့ သူထိုင်နေကျ အသေးစားဘားလေးကိုသွားတာတို့၊ သူ့ဖလင်ကင်မရာလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသွားထုတ်တာတို့၊ စာအုပ်ဆိုင်သွားပြီး ဈေးပေါပေါစာအုပ်တွေကို ရွေးတာတို့ လုပ်တတ်တယ်။ ဒီလောက်ကိုမှ ကားရဲ့တစ်ဝက်လောက်ကိုက အိမ်သာဆေးရင်းပဲ အချိန်ကုန်သွားတယ်။ ဒါဆိုဘာလို့ကြည့်သင့်တာလဲလို့ မေးလာရင်တော့ သူ့ရှင်သန်မှုနဲ့ သူ့ရှင်သန်ပုံ သူ့ရှင်သန်နည်းကြောင့်ပဲ။ ပြောခဲ့တဲ့ဟာတွေက ဒီကားထဲက သူ့တစ်နေ့တာအရာတွေအကုန်ပဲ။ ဒါပေမဲ့ အဲဒီတစ်နေ့တာအရာတွေကို သူလုပ်တဲ့ပုံက အဓိပ္ပာယ်ရှိနေတယ်။ ရှင်သန်မှုရှိနေတယ်။ ကျေနပ်ခြင်းရှိနေတယ်။

သူအိမ်သာသွားဆေးတဲ့အချိန် အိမ်သာဝင်မယ့်သူတွေက တစ်ခါတစ်ခါ သူဆေးနေရင်းတန်းလန်ကြီး ဝင်ဝင်လာတတ်တယ်။ အဲဒီကျ သူက အပြင်ထွက်စောင့်ပေးရတယ်။ နေရာအနှံ့အပြားရှိနေတဲ့ အိမ်သာပေါင်းစုံကို လိုက်ပတ်ဆေးနေရတဲ့သူအတွက် ဒီလိုပြန်စောင့်နေရတာက တော်တော်တော့အချိန်ပုပ်လိမ့်မယ်။ ဒေါသထွက်ချင်စရာ စိတ်ရှုပ်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဟိယာရာမကတော့ အိမ်သာ အပြင်ထွက်လိုက်တဲ့အခါ လေယိမ်းတိုင်းလှနေတဲ့သစ်ပင်ကြီးကို၊ သစ်ပင်ရဲ့အရိပ်တွေ လူတွေရဲ့အရိပ်တွေ အိမ်သာနံရံပေါ်ထင်ပြီး ပန်းချီတစ်ချပ်လို လှပနေတာကို အရသာခံကြည့်ရင်း အမြဲဆိုသလို သူ့မျက်နှာမှာ ဒီမြင်ကွင်းကို သူမြင်လိုက်ရတဲ့အတွက် အားရကျေနပ်တဲ့အငွေ့အသက်တွေ… ဒီမြင်ကွင်းကို အရသာခံစားနေတဲ့အငွေ့အသက်တွေ ပေါ်နေတယ်။ ဒါတော့ ခိုဂျိရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ချီးကျူးရလိမ့်မယ်။

အိမ်သာဆေးတဖြတ်နားလို့ နေ့ခင်းမုန့်စားတဲ့အခါလည်း ပန်းခြံထဲမုန့်စားနေရင်း သူ့ကိုမိုးထားတဲ့ သစ်ပင်ကြီးရဲ့အကိုင်းအရွက်တွေကို အမြဲအရသာခံကြည့်တတ်သလို သူမျက်စိထဲ လှတဲ့မြင်ကွင်းတွေအားလုံးကို သူ့ရဲ့ ခေတ်တော်တော်ဟောင်းနေတဲ့ ဖလင်ကင်မရာတစ်လုံးနဲ့ရိုက်ထားတတ်တယ်။ သူအားတဲ့နေ့တွေဆို အဲဒီဖလင်တွေကို ဓာတ်ပုံသွားကူးပြီး ပုံတွေကို ဘူးတွေ ဘူးတွေနဲ့ထည့်ပြီး တစ်လကိုတစ်ဘူးနှုန်းနဲ့ဘူးပေါင်းများစွာ သူ့ဗီရိုထဲသိမ်းထားတတ်တယ်။ ကင်မရာအပါအဝင် သူ့မှာ ဒစ်ဂျစ်တယ်ပစ္စည်းတစ်ခုမှမရှိဘူး။ အကုန်အန်နာလော့တွေချည်း။ သူအလုပ်သွားတိုင်း သူ့ကားအိုကြီးက ကက်ဆက်ထဲ တိတ်ခွေတွေထည့်ပြီး သီချင်းနားထောင်တတ်တယ်။ ညဘက်ဆိုစာအုပ်တွေဖတ်တယ်။ ဖုန်းတောင် ခလုတ်ဖုန်းပဲ။ ဒါလည်းသုံးလှတယ်မဟုတ်ဘူး။ သူ့အလုပ်ဖြစ်တဲ့ အိမ်သာဆေးတဲ့အလုပ်ကိုလည်း အရမ်းကြီးစေ့စပ်သေချာလွန်းလို့ ဘေးလူတွေကတောင် ပြောယူရတဲ့လူမျိုး။ ပြောရရင် သူက သူ့ဘဝမှာသူလုပ်နေသမျှအားလုံးကို အရသာခံပြီးလုပ်တယ်… အရသာလည်းခံတတ်တယ်။ ဆိုခဲ့သလို အိမ်သာနံရံမှာထင်နေတဲ့အရိပ်တွေကိုတောင် ပန်းချီတစ်ချပ်လိုအရသာခံတတ်တဲ့လူမျိုး။ လမ်းမှာတွေ့တဲ့ အပင်ပေါက်စလေးတွေကိုတောင် ကောက်သိမ်းလာပြီး အိမ်မှာပြန်စိုက်ပြီး လှပစေတဲ့လူမျိုး။

ဒီလိုဆိုလို့ သူ့မှာဝမ်းနည်းခြင်းတွေ မရှိဘူးလားဆိုတော့ မရှိဘူးမဟုတ်ဘူး။ ရှိတယ်။ ဒီကားမှာ Wim Wenders အဖြူအမဲနဲ့ပြထားတဲ့အရာတွေရှိတယ်။ ဟိယာရာမရဲ့ အိပ်မက်လိုလို သူ့ညဘက်တွေရဲ့လွမ်းဆွေးခြင်း ဝမ်းနည်းခြင်းလိုလို သူ့ရဲ့တမ်းတခြင်းလို သူ့ရဲ့အတိတ်တွေလိုလို မရေရာတဲ့အရာတွေပေါ့။ ဒီအဖြူအမဲအခန်းတွေမှာ အပြက တော်တော်လေးလှသလို ဝမ်းနည်းစရာလွမ်းစရာလည်းကောင်းနေတယ်။ Wenders ဟာ ဟိယာရာမရဲ့ ညဘက်တွေကို အဲဒီလိုအရိပ်တွေနဲ့ပဲ ပုံဖော်ထားခဲ့တယ်။ ညခင်းတွေရဲ့ အထီးကျန်ခြင်းကို နားလည်တဲ့လူတွေအတွက်တော့ ဒီအခန်းတွေဟာ တော်တော်လှတဲ့ အခန်းတွေဖြစ်မှာဖြစ်သလို Wenders ရဲ့ပြသပုံကလည်း သူမတူအောင်ကောင်းတယ်လို့ ခံစားမိလိမ့်မယ်။ အခန်းတိုင်းရဲ့ စီနီမာတိုဂရပ်ဖီတွေလည်း လှလွန်းတယ်။

နောက် OST… Wenders အနေနဲ့ OST တွေကို သွင်းပုံက တော်တော်လေးမိုက်တယ်။ ဒီကားမှာ OST တွေကို နားထောင်ရတာက ဟိယာရာမနဲ့အတူတူပဲ နားထောင်ရမှာ။ နားထောင်ရမယ့်အချိန်ကလည်း များသောအားဖြင့်တော့ သူကားမောင်းတဲ့အချိန် ကားကက်ဆက်ထဲ တိတ်ခွေထည့်ပြီး ဖွင့်ထားတဲ့အချိန်တွေပဲ။ ဇာတ်ဝင်ခန်းတွေမှာ သီချင်းကိုလုံးဝမသုံးသွားဘူး။ တစ်ခါတော့သုံးသလိုလိုဖြစ်သွားပေမဲ့ အဲဒါကလည်း ရှေ့ကဖွင့်ထားတဲ့အချိန်နဲ့ တစ်ဆက်တည်းဖြစ်သွားတဲ့တစ်ခေါက်ပဲ။ ကျန်တာတွေကိုတော့ ဟိယာရာမနားထောင်တဲ့အချိန် သူနဲ့အတူတူ လိုက်နားထောင်ရမှာ။ သီချင်းတွေကတော့ ၁၉၆၀ – ၇၀က သီချင်းတွေချည်းပဲ။ အဓိကကတော့ ဒီကားရဲ့နာမည်တစ်ဖြစ်လဲ Lou Reed ရဲ့ “Perfect Day”ပေါ့။ နောက် Lou Reedရဲ့ “Pale Blue Eyes” တို့၊ Van Morrison ရဲ့ “Brown Eyed Girl”တို့၊ Nina Simone ရဲ့ “Feeling Good” တို့၊ Sachiko Kanenobu ရဲ့ “Aoi Sakana” တို့ပေါ့။ ဟိယာရာမရဲ့ တိတ်ခွေတွေကဖွင့်တဲ့သီချင်းတွေဆိုတော့ သူကြိုက်တဲ့ ၇၀ ၈၀က အင်္ဂလိပ်သီချင်းတွေများတယ်။ ဒီလိုခေတ်ဟောင်း အင်္ဂလိပ်သီချင်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ တော်တော်အရသာရှိတယ်။ Pale Blue Eyes ကတော့ ကျွန်တော့်အတွက် အကြိုက်ဆုံးသီချင်းပဲ။

ဟိယာရာမဟာ တော်တော်စကားနည်းတဲ့လူ။ ဒီကားရဲ့ပထမတစ်ခြမ်းကျော်ကျော်လောက်ကို သူတစ်လုံးမှ မပြောသွားဘူး။ သူများပြောလည်း သူခေါင်းညိတ်ခေါင်းခါလောက်နဲ့ပဲ တုံ့ပြန်တယ်။ ဒါပေမဲ့ ဒီလိုဆိုလို့ သူဟာအေးစက်တဲ့သူတော့မဟုတ်ဘူး။ သူရဲ့လူသားဆန်မှုကို ဒီကားရဲ့နေရာတော်တော်များများမှာ သိသိသာသာကြီးမဟုတ်ပေမဲ့ တော်တော်လေးပြသွားတယ်။ အထင်ရှားဆုံးကတော့ အိမ်သာထောင့်မှာ ဘယ်သူမှန်းမသိတဲ့လူနဲ့သူ့ရဲ့ အဝိုင်းနဲ့ကြက်ခြေခတ်ကစားပွဲပဲ။ အားလုံးသိတဲ့ကစားနည်းပါ။ ဇယားကွက်လို နေရာလွတ်ကိုးကွက်ရှိမယ်။ တစ်ဘက်က အဝိုင်းယူရင် တစ်ဘက်က ကြက်ခြေခတ်ယူရတယ်။ သုံးခုအရင်တန်းတဲ့လူကနိုင်မယ်။ အိမ်သာဆေးရင်း အဲဒီစာရွက်လေးကို အိမ်သာထောင့်မှာတွေ့တော့ သူက မလွှင့်ပစ်ဘူး။ ဘာမဟုတ်တဲ့ကိစ္စလေးပေမဲ့ သူက တစ်ကွက်ထပ်ဖြည့်ပြီး အိမ်သာထောင့်မှာ ပြန်ညှပ်ထားလိုက်တယ်။ တစ်ဘက်လူက ဒီနေ့အိမ်သာတက်ရင်း တစ်ကွက်ဖြည့်ခဲ့၊ သူက နောက်နေ့အိမ်သာဆေးရင်း နောက်တစ်ကွက်ထပ်ဖြည့်။ အဲဒီလိုနဲ့ အနိုင်အရှုံးတော့မရှိပေမဲ့ အကွက်ပြည့်သွားတယ်။ အကွက်ပြည့်သွားတဲ့အချန် တစ်ဘက်လူက “Thank You” ဆိုတဲ့စာလေးရေးရင်းထားခဲ့တယ်။ ဘာမဟုတ်တဲ့ကိစ္စလေးပါပဲ။ သိပ်လှတဲ့အဖြစ်အပျက်လေးဖြစ်သွားတယ်။

ဆိုခဲ့သလို ပထမတစ်ခြမ်းကျော်ကျော်အထိ စကားလုံးဝမပြောခဲ့တဲ့ ဟိယာရာမဟာ သူ့တူမလေး အိမ်က ထွက်ပြေးရင်း သူ့ဆီအလည်ရောက်လာမှပဲ စကားစပြောတယ်။ အဲဒီအချိန်မှာ သူ့အတိတ်ဘဝကို ဒဲ့ကြီးတော့ ပြောမပြပေမဲ့ ပါးပါးလေးလှစ်ပြသွားတယ်။ ဒါပေမဲ့ သူမပြောပြပေမဲ့ တော်တော်လည်းမြင်လိုက်ရသလိုပါပဲ။ Wenders ဟာ အိုဇုရုပ်ရှင်တွေကိုကြိုက်ဖူးတော့ အိုဇုဟန်နွယ်သွားတာလည်းဖြစ်နိုင်တယ်။ သူ့တူမလေးက သူ့ကို သူ့အမေက သူ့ကို သူ့ဦးလေးနဲ့သူ ကမ္ဘာမတူကြောင်းပြောတဲ့အကြောင်းပြောတော့ သူပြန်ပြောတာက “ဒီကမ္ဘာကြီးမှာ မတူညီတဲ့ကမ္ဘာတွေအများကြီးပဲ။ တချို့ကမ္ဘာတွေက ဆက်စပ်နေတယ် တချို့ကမ္ဘာတွေကတော့ မဆက်စပ်ဘူး”တဲ့။ သူ့အတိတ်က နုံချာတဲ့အတိတ်တော့မဟုတ်ခဲ့ဘူး။ ဘာလို့ ဒီလိုအလုပ်ရွေးလိုက်သလဲတော့မသိရပေမဲ့ သူ့ညီမက သူသိပ်ချစ်တဲ့တူမလေးကိုခေါ်ပြီး ထွက်သွားတဲ့အခါ ကျွန်တော်တို့မြင်ရမှာက မျက်ရည်တွေပဲ။ ဒီမျက်ရည်တွေက သူ့အတိတ်ပါပဲ။ နောက်တစ်နေ့ သူ့တူမလေးမပါတော့ပေမဲ့ မနက်ခင်းသူအိမ်သာသွားဆေး ညနေနိစ္စဓူဝလုပ်တဲ့ သူ့တစ်နေ့တာကို ဆက်ဖြတ်သန်းရတာပဲ။ အရင်လို အရသာအပြည့်နဲ့ပဲ။

Wim Wenders ရဲ့ “PERFECT DAYS” ဟာ ဟိယာရာမလို့ခေါ်တဲ့ အိမ်သာသန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ ကမ္ဘာအကြောင်းပဲ။ နောက် သူနဲ့ဆက်စပ်နေတဲ့ တခြားကမ္ဘာတွေအကြောင်း။ မဆက်စပ်တော့တဲ့ ကမ္ဘာဟောင်းတွေအကြောင်း။ ညညဆို မြင်နေရတတ်တဲ့ မဆက်စပ်တော့တဲ့ ကမ္ဘာတွေရဲ့အရိပ်တွေအကြောင်းပေါ့။

ကမ္ဘာထဲက ဆက်စပ်နေတဲ့ကမ္ဘာတွေ။ ကမ္ဘာထဲက မအပ်ဆက်တော့တဲ့ ကမ္ဘာတွေ။ ကမ္ဘာဟာ လည်နေမြဲပဲ။ ကမ္ဘာဟောင်းရဲ့ အရိပ်တွေ ထင်နေဆဲပဲ။ အရိပ်တွေနဲ့ပဲ ကျွန်တော်တို့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အပ်ဆက်နေတဲ့ကမ္ဘာတွေ မအပ်ဆက်တော့တဲ့ကမ္ဘာတွေလည်း လည်နေမြဲပဲ။ အရိပ်တွေလည်းရှိမယ်။ ရေခဲမြစ်တွေလည်းရှိမယ်။ တံခါးကိုဖွင့်ကြည့်တတ်ရင် နွေဦးတွေကိုလည်း မြင်မယ်။ ရေခဲမြစ်တွေလည်း အရည်ပျော်ဦးမယ်။ အရိပ်တွေနဲ့ အလှတရားတွေနဲ့ လည်နေတဲ့နေ့ရက်တွေ။ နွေဦးပေါက်နေ့ရက်တွေ။ မပြည့်စုံတဲ့ကမ္ဘာကြီးထဲ မပြည့်စုံခြင်းတွေနဲ့ ပြည့်စုံနေခဲ့တဲ့နေ့ရက်တွေ… ရှင်သန်နေတဲ့နေ့ရက်တွေ… နေ့ရက်တွေ… နေ့ရက်တွေ…။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.55GB, 1.2GB
Quality – 1080p, 720p
IMDb Rating – 7.9/10
Format – mp4
Duration – 2H 3Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)
Perfect Days (2023)


No downloads available

Genres



Related movies