Channel Myanmar

The Homesman (2014)

~ IMDb – 6.6/10, RT – 81%, Meta – 68% ~

ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ဒီရုပ်ရှင်ကိုလည်းအဲဒီလို ပုံစံတမျိုးစီနဲ့ သန်မာသလောက် ရှုပ်ထွေးလွန်းတဲ့ အဓိကဇာတ်ကောင် ၂ ယောက်နဲ့ ဖွဲ့စည်းထားတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ ရေးခဲ့တာဖြစ်တာကြောင့် ဝတ္ထုကလည်း သံဝေဂဆန်ဆန် အရေးအသားတွေပါတယ်။ ဒီရုပ်ရှင်ကို ရိုက်တာကလည်း Tommy Lee Jones ဆိုတော့ ရုပ်ရှင်ထဲမှာပါ အဲဒီလိုအငွေ့အသက်တွေကို လက်ဆင့်ကမ်းသယ်လာခဲ့တယ်။

Homesman ဆိုတာကတော့ နယ်မြေရွှေ့ပြောင်းတဲ့လူတွေကို အိမ်ပြန်ပို့ပေးရတဲ့ ယောက်ျားတယောက်ကိုခေါ်တယ်။ တနည်းအားဖြင့် အိမ်ပို့သူပေါ့။ ဒီမှာတော့ ၁၉ရာစုလယ်လောက်က လူးပ်နယ်က ရူးသွားတဲ့ မိန်းမ ၃ ယောက်ကို အရှေ့ဘက် အိုင်အိုဝါမြို့က ဘုရားကျောင်းကိုပို့ဖို့ အကြောင်းဖန်လာရာကစတယ်။ မိန်းမ ၃ ယောက်မှာ တယောက်က နှိပ်စက်တဲ့ယောက်ျားဖြစ်သူကြောင့် ရူးသွားတယ်။ နောက်တစ်ယောက်က သူ့ကလေးလေး ၃ ယောက် ဆုံဆို့နာနဲ့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားလို့ ရူးသွားတယ်။ ကျန်တဲ့တယောက်က ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့အထိ ရူးသွားတယ်။ သူတို့ရူးသွပ်တာကို ဖော်ပြထားတဲ့ပုံစံက သိပ်ရက်စက်တယ်လို့ပြောရမယ်။ ရက်ရက်စက်စက်ကို ရူးနေကြတာပဲ။ အမျိုးသမီးတယောက် သန်မာနိုင်စွမ်းကုန်သွားတဲ့အချိန်မျိုးတွေပေါ့။ သူတို့ကို ကုသပေးဖို့ မစ္ဇူရီမြစ်အကျော်က အိုင်အိုဝါကို ပို့ပေးဖို့ဖြစ်လာတယ်။

ပုံမှန်ဆိုရင် Homesman အလုပ်က ယောက်ျားသားတွေရဲ့အလုပ်။ သူတို့ကို ပို့ဖို့က အနောက်နဲ့အရှေ့ဆိုတော့ ခရီးက ကြာမယ်၊ ခက်မယ်။ ပို့ရမယ့်သူတွေကလည်း အရူးမ ၃ ယောက်ဆိုတော့ ပိုလို့တောင်ခက်သေးသပေါ့။ အဲဒီ ၃ ယောက်ကို ပို့‌ဆောင်ဖို့အတွက် ဘုရားကျောင်းမှာ မဲနှိုက်တယ်။ သာမန် Western ရုပ်ရှင်တွေအရဆိုရင်တော့ ရဲရင့်တဲ့ ကောင်းဘွိုင်ကြီးက ရှေ့ထွက်ပြီး တာဝန်ယူပေးမှာပေါ့။ ဒီမှာတော့ မဟုတ်ခဲ့ဘူး။ မဲကျတဲ့ယောက်ျားကပါ ခေါင်းရှောင်သွားတော့ မယ်ရီဘီး ဆိုတဲ့ အပျိုကြီးက သူတာဝန်ယူမယ်လို့ ရဲရဲကြီးထွက်ပြောခဲ့တယ်။ ‌အဲဒီခေတ်ကာလအခြေအနေမျိုးမှာ သူ့အနေနဲ့ ဒီလိုတာဝန်ကိုယူလိုက်တော့ သူ့ရဲ့ သန်မာတဲ့ဘက်ခြမ်းကိုမြင်ရတယ်။

မယ်ရီဘီးကပ်ဒီ (Hilary Swank) က နယူးယော့ကနေ တကိုယ်တည်း ဒီနေရာမှာ နေနေတဲ့သူ။ တနည်းအားဖြင့် Independent Woman ပေါ့။ ဒီရုပ်ရှင်မှာ လင်ယူသားမွေးကြောင့် ရူးသွပ်သွားကြတာကိုပြရင်း အဲဒီအရာတွေနဲ့ ကင်းတဲ့ မယ်ရီဘီးရဲ့ အထီးကျန်ဆန်ပြီး ကွဲထွက်နေတဲ့လူနေမှုဘဝကိုပါ ပြထားတယ်။ သူက ဂီတအပေါ် သိပ်ရူးသွပ်တယ်။ စန္ဒရားမရှိတဲ့နယ်မှာ အဝတ်စလေးပေါ်က ခလုတ်လေးတွေနှိပ်ရင်း သီချင်းဆိုလေ့ရှိတယ်။ လယ်ကွက်တွေ၊ လားတွေ၊ မြင်းတွေကိုလည်း သူကိုယ်တိုင်ပဲ ဦးစီးတယ်။ ဒါပေမဲ့ သူအဖြစ်ချင်ဆုံးဆန္ဒက အိမ်ထောင်ပြုပြီး ကလေးတွေမွေးဖို့ပဲ။ သူ့ဘက်ကပါစပြီး အိမ်ထောင်ပြုရအောင်လို့ ပြောတဲ့အထိ၊ ဘုရားသခင်ဆီမှာ ဆုတောင်းတဲ့အထိ မိသားစုဘဝကို သူလိုချင်ခဲ့တယ်။ သူကလည်း အထီးကျန်ဆန်ဆန် ရူးနေတာပါပဲ။ ဒါဆိုရင် လှောင်ပိတ်နေတဲ့ အိမ်ထောင်သည်ဘဝကရူးစေတာလား။ တယောက်တည်း အထီးကျန်ဘဝက ရူးစေတာလား။

ဒီလိုနဲ့ တစ်နေ့မှာ ဘရစ် (Tommy Lee Jones) ဆိုတဲ့ အိမ်ခြေရာမဲ့ ကောင်းဘွိုင်တစ်ယောက်နဲ့တွေ့တယ်။ တွေ့တာထက် သစ်ပင်မှာကြိုးပေးခံရတာကို ကယ်ခဲ့တာပေါ့။ ဟိုလူကလည်း ‌သူများအိမ်ဝင်နေတော့ ကြိုးပေးခံထားရတာ။ အဲဒီလိုနဲ့ သူ့ကိုကယ်ခဲ့တာကြောင့် မိန်းမ ၃ ယောက်ကို လိုက်ပို့မယ့်ခရီးမှာ သူ့ကိုအဖော်ပြုပေးရမယ်လို့ညှိတယ်။ ဟိုလူကလည်း မသေရင်ပြီးရော ရတယ်ပေါ့။ ဒါပေမဲ့ သူထွက်သွားချင်တဲ့အချိန် ထွက်သွားမှာဖြစ်ကြောင်းပြောတယ်။ ဒီလူကလည်း မယ်ရီဘီးလို တမျိုးရူးနေတာပဲ။ သူက သူ့ဘဝမှာ ဘာကိုမှမတွယ်တာခဲ့ကြောင်း ပြောလေ့ရှိတယ်။ ငါ့မှာတွယ်တာစရာမရှိဘူး၊ လွတ်လပ်တယ် ဘာညာပေါ့။ လွတ်လပ်မှုနဲ့ အထီးကျန်ခြင်းကြားမှာ ဖောက်မြင်နေရတဲ့ ထရံပါးပါးလေးတစ်ချပ်ပဲ ရှိတာပါ။ ဒီလိုနဲ့ သူတို့ ၂ ယောက်ရယ် အရူးမ ၃ ယောက်ရယ် ခရီးရှည်ကြီးတစ်ခုကို အခက်အခဲပေါင်းစုံနဲ့ ထွက်ခဲ့ကြတယ်။ လူ့အဖွဲ့အစည်းက အရူးလို့ သတ်မှတ်ထားတဲ့ မိန်းမ ၃ ယောက်နဲ့ ခေါင်းစဉ်မဲ့ ကိုယ်စီရူးသွပ်မှုနဲ့ လူ ၂ ယောက်။

ရုပ်ရှင်နာမည်အရတော့ ယောက်ျားတစ်ယောက်အကြောင်းလို့ထင်ရက်စရာရှိပေမဲ့ ဒါက အမျိုးသမီးတွေကို ဦးတည်ထားတာပဲ။ Tommy Lee Jones က အဓိကဇာတ်ဆောင်အနေနဲ့ ပါတယ်ဆိုရင်တောင် Hilary Swank နဲ့ယှဉ်လိုက်ရင် Sidekick တယောက်လိုဖြစ်သွားတယ်။ Western ရုပ်ရှင်တွေမှာ ဒီလို အမျိုးသမီးဇာတ်ကောင်ကို တည်ရိုက်တယ်ဆိုတာ ခပ်ရှားရှားပဲ။ ‌အဲဒီခေတ်ရဲ့ ကောင်းဘွိုင်ကြီးတွေကြားက အမျိုးသမီးတွေရဲ့ စိတ်အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်ဆိုရင် ပိုလို့တောင်ရှားသေးတယ်။ ဒီရုပ်ရှင်က သာမန် Western Genre ကနေကွဲထွက်ပြီး အမျိုးသမီးတွေရဲ့ ရပ်တည်နိုင်စွမ်းကိုအဓိကထားထားတယ်။ ဇာတ်ကောင်တွေကို အသေးစိတ် ဒါကြောင့် ဒီလိုဖြစ်တာလို့မပြောခဲ့ဘဲ အရိပ်အမြွက်လေးတွေပြရင်း သူက ဒါတွေကြုံခဲ့လို့ပါလား လို့ သွယ်ဝိုက်ပြောပြတာမျိုးပဲ။ အသံပိုင်းကိုတော့ သိပ်အားမရတဲ့အခါတွေရှိပေမဲ့ ဇာတ်လမ်း ၂ နာရီအတွင်းမှာ Cinematography ကောင်းကောင်းလေးကို အဝကြည့်ရတာနဲ့တင် ကြည့်ပျော်ပါတယ်။ ဇာတ်သိမ်းကလည်း ဘာမှန်းမသိတဲ့ ခံစားချက်လေးတစ်ခုပေးပါလိမ့်မယ်။ အရူး ၃ ယောက်ကစတဲ့ဇာတ်လမ်းဆိုပေမဲ့ တကယ်တမ်းတော့ ကျွန်တော်တို့လည်း တမျိုးစီ ရူးနေကြတာပဲမဟုတ်လား။

(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.25GB, 1.05GB
Quality – 1080p, 720p
IMDb Rating – 6.6/10
Format – mp4
Duration – 2H 2Min
Genre – Drama, Western
Subtitle – Myanmar Subtitle (Hardsub)
Translated by Min Thant Bo
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)
The Homesman (2014)


No downloads available

Genres



Related movies