Channel Myanmar

Pollock (2000)

~ IMDb – 7/10, RT – 80%, Meta – 77% ~

ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။

ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။

ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။

ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း‌ ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။‌ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။

ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြည့်သလိုကြည့်လိုက်ရုံပါပဲ။ ဘာအဓိပ္ပာယ်နဲ့ဆွဲထားသလဲသိဖို့ ခေါင်းခဲနေစရာမလိုပါဘူး”တဲ့။

ကိုးကား – “မော်ဒန်အမေရိကန်ပန်းချီ” အောင်ခင်မြင့်

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.35GB, 985MB
Quality – 1080p, 720p
IMDb Rating – 7/10
Format – mp4
Duration – 2H 2Min
Genre – Biography, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director

Pollock (2000)
Pollock (2000)
Pollock (2000)


No downloads available

Genres



Related movies